fbpx
သင် ဘာ​ကြောင့် ​ယောဂ လေ့​ကျင့်သင့်တာလဲ

 

ကျွန်မတို့ ဘဝမှာ ရည်မှန်းချက်တွေ၊ စိတ်ကူးအိမ်မက်တွေ၊ ဖြစ်ချင်တဲ့အရာတွေ၊ လုပ်ချင်တဲ့အရာတွေ ကိုယ်စီ အသီးသီး ရှိကြပါတယ်။ အနည်းဆုံးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျန်းမာပျော်ရွှင်စွာ နေချင်တဲ့ စိတ်တော့ လူတိုင်းမှာ ရှိကြပါတယ်။

အဲလို ကိုယ့်ဘဝကို ကိုယ်ဖြစ်စေချင်သလို အကောင်အထည် ဖော်တဲ့နေရာမှာ အရေးကြီးတဲ့ အချက်တွေ ရှိပါတယ်။ ပထမကတော့ ကျန်းမာရေးပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းဖို့ လိုသလိုပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း အရမ်းအရေးကြီးပါတယ်။ ( စိတ်ရောဂါ ဖြစ်တာ မဖြစ်တာကို ပြောချင်တာ မဟုတ်ပါဘူး။) ကျန်းမာတဲ့၊ ကြံ့ခိုင်တဲ့ စိတ်နေစိတ်ထား စိတ်ဓာတ်ကို ဆိုလိုချင်တာပါ။ စိတ်ကော ရုပ်ကော နှစ်ခုလုံး အမြဲတမ်း ကျန်းမာ ကြံ့ခိုင်ဖို့ဆိုရင် ယောဂ ပုံမှန်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ တကယ်ပဲ ယောဂလေ့ကျင့်ခြင်းကနေ အဲဒါတွေကို ရရှိနိုင်ပါတယ်။

တချို့ဆိုရင် မကျန်းမမာနဲ့ပဲ နှစ်ချီ ဒီတိုင်း နေနေကြပါတယ်။  ဥပမာ – ကျီးပေါင်းဖြစ်တာ၊ ခါးနာတာ၊ ဒူးနာတာ၊ အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ မကြာခဏ နေထိုင်မကောင်းဖြစ်တတ်တာ ဖျားတတ်တာ၊ ဆီးချိုသွေးချို၊ သွေးတိုး စသဖြင့် အမျိုးမျိုး ဖြစ်ကြပါတယ်။ ဒါတွေက ဘဝမှာ အတားအဆီး တခုလိုပါပဲ။ ဒါတွေကို ယောဂ ပုံမှန် လေ့ကျင့်ခြင်းဖြင့် ကျော်လွှားနိုင်ပါတယ်။

ယောဂ လေ့ကျင့်ခြင်းက သင့်ဘဝကို တကယ်ပဲ တိုးတက်ကောင်းမွန် ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့သူ တော်တော်များများက ယောဂ လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ ယောဂရဲ့  အကျိုးကျေးဇူး များစွာထဲက ( ၇ )ခုကို အောက်မှာ ဖော်ပြပေးထားပါတယ်။

ယောဂလေ့ကျင့်ခြင်းက တကယ်ကို ထိရောက်လို့ တစ်နှစ်ထက်တစ်နှစ် လေ့လာလိုက်စား လေ့ကျင့်သူတွေ ပိုပိုများလာတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင်ကျော်က India ကနေ စတင်ခဲ့တာ ဖြစ်ပေမယ့် ခုတော့ တစ်ကမ္ဘာလုံး ပျံ့နှံ့နေပါပြီ။ သုတေသနပေါင်းများစွာကလည်း အားပေး ထောက်ခံထားပါတယ်။

ဘဝ အပေါ်မှာ မှန်ကန်ကောင်းမွန်စွာ ရှုမြင်တတ်ဖို့လည်း ယောဂက အများကြီး သင်ပေးပါတယ်။ ဒါ့အပြင် ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်တဲ့၊ ဖိအားတွေအောက်မှာ တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့၊ စိတ်ရှည် သည်းခံတတ်တဲ့ စိတ်ဓာတ်တွေကို မွေးမြူပေးပါတယ်။

 

ယောဂကို ပုံမှန် လေ့ကျင့်ပေးခြင်းက အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်။ ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ဒုတိယ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရှိဖို့ ဖြစ်ပါတယ်။ အဲလို မဟုတ်ရင်တော့ စိတ်ညစ်မှုတွေ စိတ်အားငယ်မှုတွေနဲ့ မကြာခဏ ကြုံနေရမှာပါ။ ဒါတွေကို ယောဂ ပုံမှန် လေ့ကျင့်ပေးခြင်းဖြင့် ကျော်လွှားနိုင်ပါတယ်။

ယောဂက သွေးလည်ပတ်မှု ကောင်းစေခြင်းကြောင့် ရောဂါတွေကို ကာကွယ်ပေးသလို လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ်ကို ကြံ့ခိုင် လှပစေပြီး အသားအရေကို စိုပြေစေပါတယ်။ ရေရှည် ပုံမှန်လေး လေ့ကျင့်ပေးဖို့တော့ လိုပါတယ်။

ဝတဲ့သူတွေကို ဝိတ်ကျစေသလို ပိန်တဲ့သူတွေကိုလည်း ကြွက်သားတွေနဲ့ ဖွံ့ဖြိုး ကြံ့ခိုင်သန်မာ လှပစေပါတယ်။ ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အရိုးနဲ့အရိုးနုတွေကို ကျန်းမာစေပါတယ်။ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

ယောဂ လေ့ကျင့်ပေးခြင်းက ကိုယ့်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေ၊ လုပ်ငန်း ဆောင်ရွက်ချက်တွေ အပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေတဲ့အတွက် ယောဂကို ပုံမှန် လေ့ကျင့်ပေးပါလို့ အကြံပြုချင်ပါတယ်။ ယောဂကို ကိုယ့်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်ထားသင့်ပါတယ်။

ယောဂ လေ့ကျင့်ခြင်းရဲ့ အကျိုးကျေးဇူး များစွာထဲက ( ၇ )ခု

၁ ➡️ ယောဂ လေ့ကျင့်ခြင်းက စိတ်ဖိစီးမှုတွေကို လျှော့ကျစေပါတယ်။ စားဝတ်နေရေးအတွက် ပြေးလွှားလှုပ်ရှားနေရပြီး အရာရာယှဉ်ပြိုင်နေရတဲ့ ဒီခေတ်ကြီးထဲမှာ လူတွေဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန် ကြောက်ရွေ့မှုတွေ အနည်းနဲ့အများ ရှိလာကြပါတယ်။ ယောဂကို ပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင် စိတ်တည်ငြိမ် ရင့်ကျက်လာပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုပါတယ်။ စိတ်ဖိစီးမှု လျှော့နည်းလာလို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး ရင်ဆိုင်နိုင်လာမှာပါ။

၂ ➡️ ယောဂ လေ့ကျင့်ခြင်းက သွေးလည်ပတ် စီးဆင်းမှုကို အရမ်းကောင်းမွန်စေပါတယ်။ လူတစ်ယောက်မှာ သွေးလည်ပတ်မှု ကောင်းမွန်ဖို့ ဘယ်လောက်အရေးကြီးကြောင်း လူတိုင်းသိပြီးသားပါ။ ယောဂလေ့ကျင့်ခန်းတွေက ခြေဖျားကနေ ဦးခေါင်းအထိ သွေးလည်ပတ်မှုကို ထိရောက်ကောင်းမွန်စေပါတယ်။ ကွေးကောက် လိမ်ခေါက်ရတဲ့ ကိုယ်နေဟန် ပိုစ့်တွေကနေ ပြန်ဖြေလွတ်တဲ့အခါမှာဆို သွေးကြောတွေ ပွင့်စေပြီး လတ်ဆတ်တဲ့ အောက်ဆီဂျင်တွေကို ဆဲလ်တွေဆီ သွေးက သယ်ဆောင်ပေးပါတယ်။ ခြေထောက် အပေါ်ထောင်ထားပြီး ပြောင်းပြန်အနေအထား လုပ်ရတဲ့ ပို့စ်တွေဆိုရင်လည်း ခြေထောက်ဘက်ပိုင်းကနေ နှလုံးဆီကို သွေးပြန်စီးတဲ့အတွက် ခြေထောက်ပြန်ချတဲ့အခါကြရင် လတ်ဆတ်တဲ့သွေးတွေကို ကိုယ်ခန္ဓာအောက်ပိုင်းမှာ ရရှိစေပါတယ်။ မျက်နာနဲ့ဦးခေါင်းဆီကို သွေးများများစီးဆင်းသွားတဲ့အတွက် မျက်နာကြည်လင်လှပတာ ဆံပင်ကျွတ်ခြင်းကိုကာကွယ်တာ မှတ်ဥာဏ်ကောင်းစေတာ စသည့် အကျိုးကျေးဇူးများစွာ ရရှိပါတယ်။

၃ ➡️ ယောဂက ပိုမိုကောင်းမွန် ထိရောက်တဲ့ အသက်ရှုနည်းအလေ့အကျင့်တွေကို ရရှိစေပါတယ်။ များသောအားဖြင့် ကိုယ်အသက်ရှုနေတာ နှေးနေလား မြန်နေလား ဘယ်လို ရှုနေတာလဲ ဆိုတာ သတိမထားမိကြပါဘူး။ အလုပ်တွေ လူမှုရေး အကြောင်းအရာတွေပဲ စိတ်ထဲရှိနေကြလို့ပါ။ ယောဂမှာ အသက်ရှုပုံ ရှုနည်းကို အရမ်းအလေးထားပါတယ်။ ယောဂလေ့ကျင့်မှုတိုင်းမှာ မှန်ကန် ထိရောက်တဲ့ အပြည့်အဝ အသက်ရှုခြင်းတွေနဲ့ တွဲလုပ်ရပါတယ်။ ကိုယ့်ရဲ့တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်အားလုံး လိုအပ်နေတဲ့ အောက်ဆီဂျင် အလုံအလောက်ရရှိဖို့နဲ့ မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အပြင်ပြန်ထုတ်ပေးဖို့ အသက်ရှုနည်းလမ်းက အရမ်းအရေးကြီးပါတယ်။

၄ ➡️ ယောဂ ပုံမှန်လေ့ကျင့်ခြင်းဖြင့် ကိုယ်ခန္ဓာ ပျော့ပျောင်းလာစေပါတယ်။ အကြောတွေ တောင့်တင်းနေရင် နေရထိုင်ရတာ အဆင်မပြေပါဘူး။ ယောဂစလေ့ကျင့်ဖို့ အကြောပျော့နေစရာတော့ မလိုပါဘူး။ အားလုံးက လေ့ကျင့်ရင်းနဲ့ ပျော့ပျောင်းလာကြတာပါ။ ဘယ်သူမဆို ပုံမှန်လေ့ကျင့်ပေးရင် ပျော့ပျောင်းလာမှာပါ။ အကျိုးကျေးဇူးကတော့ သွားရ လာရ နေရ ထိုင်ရတာ သက်တောင့်သက်သာ ရှိစေပါတယ်။ ကိုယ့်ရဲ့ လှုပ်ရှားမှု ဖျက်လတ် သွက်လတ် စေပါတယ်။ အောက်ကပုံတွေမှာလို ယောဂပို့စ် လှလှလေးတွေ၊ ကိုယ်မလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့အကွက်တွေ ရလာတော့ ပျော်ရွှင်စေသလို ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေပါတယ်။

၅ ➡️ ယောဂ လေ့ကျင့်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေပါတယ်။ ဘဝမှာ အောင်မြင်ဖို့ဖြစ်ဖြစ် ပျော်ရွှင်ဖို့ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အဲလိုရှိဖို့ဆိုရင် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်နေမှုတွေကိုပါ ကျေနပ်လက်ခံနိုင်ရပါမယ်။ ယောဂကို ပုံမှန်လေ့ကျင့်ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးကို ပြည့်စုံစေပါတယ်။ ယောဂက အာရုံစူးစိုက်မှုကောင်းစေပြီး လက်ရှိဖြစ်တည်နေမှုကို လက်ခံတတ်အောင် သင်ပေးတဲ့အတွက် စိတ်ကို တည်ငြိမ်စေပါတယ်။ စိတ်သဘောထားကြီးစေပါတယ်။ အကောင်းမြင်တတ် တွေးတတ်တဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ အခြေခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

၆ ➡️ ယောဂ လေ့ကျင့်ခြင်းက ကိုယ်ခန္ဓာကို လှပစေပြီး စိတ်ငြိမ်းချမ်းမှုကို ပေးပါတယ်။ ယောဂလေ့ကျင့်ရင် ဝိတ်ကျလား ဆိုတာ အမေးများတဲ့ မေးခွန်းပါ။ အဖြေကတော့ ဝိတ်ကျပါတယ်။ တစ်ချို့ ယောဂလေ့ကျင့်ခန်းတွေက အဆီလောင်ကျွမ်းမှု အားကောင်းစေပါတယ်။ ပုံမှန်လေ့ကျင့်ပေးရင် ကြွက်သားတွေနဲ့ ကိုယ်ခန္ဓာကို လှပ ကြံ့ခိုင်စေပါတယ်။ ယောဂဆရာဆရာမတွေက တခြားအားကစားဆော့ပြီး ကိုယ်ခန္ဓာလှပနေကြတာ မဟုတ်ပါဘူး။ ယောဂကိုပဲ ပုံမှန်လေ့ကျင့်ကြတာပါ။ ယောဂမှာ ဆွဲဆောင်မှု အရှိဆုံးကတော့ စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်တာပါပဲ။ ယောဂီအများစုကတော့ အဲဒီအချက်ကြောင့်ပဲ ယောဂကို တစ်သက်လုံး လေ့ကျင့်ကြတာပါ။

၇ ➡️ ယောဂ ပုံမှန်လေ့ကျင့်ခြင်းက ကျန်းမာစေပြီး ရောဂါအပေါင်းမှ ကာကွယ်ပေးပါတယ်။ ရောဂါအမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ခုခေတ်မှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နိုင်မှ အဆင်ပြေပါမယ်။ ရောဂါကို ကြိုတင်ကာကွယ်ဖို့ဆိုရင် ယောဂလေ့ကျင့်ခြင်းကို သုတေသနပေါင်းစုံ ( ယောဂကို သုတေသနလုပ်တဲ့ အဖွဲ့များ )က ထောက်ခံကြပါတယ်။ ရောဂါတွေ ဖြစ်ရတဲ့ အကြောင်းရင်းက ရုပ်ပိုင်းဆိုင်ရာ အားနည်းလို့ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ ဖြစ်ပါတယ်။ အဲဒီ နှစ်မျိုးလုံး အားနည်းနေရင်တော့ ပိုဆိုးပြီ။ ယောဂ ပုံမှန်လေ့ကျင့်ခြင်းက အဲဒီနှစ်မျိုးစလုံးကို တိုးတက် ကောင်းမွန် ပြည့်စုံစေပါတယ်။ သင့်ဘဝ၊ သင့်ရည်မှန်းချက်၊ သင့်စိတ်ကူးအိမ်မက်၊ သင်ဖြစ်ချင်တဲ့ အရာတွေ အားလုံးဟာ သင့်ကျန်းမာနေမှုကို အထူးလိုအပ်ပါတယ်။

ယောဂ လေ့ကျင့်ခြင်းက အကျိုးကျေးဇူး အရမ်းများလို့ လူတိုင်း လေ့ကျင့်ပေးသင့်ပါတယ်။ လူတိုင်း လေ့ကျင့်နိုင်ပါတယ်။ ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ ကိုယ်ရနိုင်သလောက်ကနေပဲ ဖြည်းဖြည်းချင်း စလေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ရင်းနဲ့မှ ပိုပို ရလာမှာ ဖြစ်ပါတယ်။

ယောဂ လေ့ကျင့်ခြင်းဖြင့် ပိုပြီး တိုးတက်ကောင်းမွန်၊ ကျန်းမာ၊ ပျော်ရွှင်၊ လှပတဲ့ ဘဝကို တည်ဆောက်ကြမယ်။


Categories: BLOG, Blogs

Tags: